မီဒီယာ၊ လူမှုကွန်ရက်နှင့် ကျင့်ဝတ်

0
46
Shwe Cloud Blogs

အတွေးအခေါ်ပညာရှင်ဘလက်ဘန်းဆိုသူက “လူသားဆိုသည်မှာ ကျင့်ဝတ်ရှိသော သတ္တဝါများဖြစ် သည်” ဟုဆိုခဲ့သည်။ လူ့လောကတွင် ရှင်သန်နေထိုင်ရာ၌ ကဏ္ဍအသီးသီးအလိုက် လိုက်နာစောင့်ထိန်း ရသော ကျင့်ဝတ်များစွာရှိပါသည်။ အနောက်တိုင်းနှင့် အရှေ့တိုင်း၏ ကျင့်ဝတ်နှင့်သက်ဆိုင်သည့် တွေးခေါ်ယူဆချက်များကို လေ့လာကြည့်မည်ဆိုပါက အရှေ့တိုင်းသားတို့၏ ကျင့်ဝတ်ဆိုင်ရာ အတွေး အခေါ်မှာ လူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့သည် တစ်ခုနှင့်တစ်ခု အမြဲဆက်စပ်နေသည်ဟူသောအချက်ကို အဓိကထားပြီး အနောက်တိုင်းကမူ လက်တွေ့အသုံးကျမှု၊ တာဝန်ရှိမှုနှင့် ပုဂ္ဂိုလ်တစ်ဦးချင်း၏ ကိုယ်ကျင့်သီလအပေါ် အခြေခံချဉ်းကပ်တွေးခေါ်သည်ကို တွေ့ရှိရပါသည်။

ဝေါဟာရနှင့်အနက်အဓိပ္ပာယ်

“ကျင့်ဝတ်” (Ethics) ဟူသောစကားလုံးသည် ဂရိစကားလုံး Ethos မှဆင်းသက်လာခြင်းဖြစ်ပြီး “အကျင့်စရိုက်” ဟု အဓိပ္ပာယ်ရကာ လူကောင်း တစ်ယောက်ဖြစ်စေရန် မည်သို့သော ကောင်းမွန်သည့် အကျင့်စရိုက်ရှိသင့်သည်ဆိုသောအချက်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ကျင့်ဝတ်ဆိုသည်မှာ တစ်နည်း အားဖြင့် စံတန်ဖိုးတစ်ခုအဖြစ်လည်း ဆိုနိုင်ပါသည်။ တစ်စုံတစ်ရာနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက် သင့်သည်ဆိုသည့်ဒွိဟဖြစ်ဖွယ်အခြေအနေမျိုးတွင် ပြန်လည်ဆင်ခြင်သုံးသပ်ရသည့် လမ်းညွှန်ချက် တစ်ခုလည်း ဖြစ်ပါသည်။

“မီဒီယာ” ဟူသော ဝေါဟာရကိုမူ မယ်ရီရမ်-ဝက်ဘ်စတာ အဘိဓာန်တွင် “လူထုအတွင်း သတင်း အချက်အလက်များ ဖြန့်ဝေပေးသည့်ဆက်သွယ်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးစနစ်” ဟု လည်းကောင်း၊Dictionary ဝက်ဘ်ဆိုက်တွင် “ပြည်သူလူထုထံကျယ်ကျယ်ပြန့်ပြန့်လွှမ်းမိုး ရောက်ရှိစေ သည့် ရေဒီယိုနှင့်ရုပ်မြင်သံကြား၊သတင်းစာများ၊ မဂ္ဂဇင်းများနှင့် အင်တာနက်ကဲ့သို့သော ဆက်သွယ်ရေးနည်းလမ်း” ဟု လည်းကောင်း ဖွင့်ဆိုထားပါသည်။

ထို့ကြောင့် “မီဒီယာကျင့်ဝတ်” ဆိုသည်မှာ မီဒီယာလုပ်ငန်းဖော်ဆောင်ပေးသူများနှင့် ဖြန့်ဝေသူများ လိုက်နာရမည့် အပြုအမူဆိုင်ရာ မှန်ကန်သောစံနှုန်းများ သို့မဟုတ်ပြုမူဆောင်ရွက်သင့်သည့် အခြေခံမူများဟု အလွယ်မှတ်သားနိုင်ပါသည်။

မီဒီယာအသစ်များပေါ်ပေါက်ခြင်း

ယနေ့ကမ္ဘာတွင် ခေတ်သစ်နည်းပညာနှင့်အတူ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု အစရှိသည့် ကဏ္ဍ များတွင်နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အပြန်အလှန် ပတ်သက်ဆက်ဆံမှုများ တိုးတက်လာမှုကြောင့် မီဒီယာအမျိုးအစားအသစ်များလည်း ပေါ်ပေါက်လာခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း အစရှိသည့် ပုံနှိပ်မီဒီယာများ၊ ရေဒီယိုနှင့် ရုပ်မြင် သံကြားတို့ကဲ့သို့ ရုပ်သံမီဒီယာများနှင့်“New Media” ဟူသော အင်တာနက်အသုံးပြု၍ တင်ပြရ သည့်ဘလော့များ (Blogs)၊ လူမှုကွန်ရက်များ (Social Networking Sites – SNSs)၊ ဝက်ဘ်ဆိုက် များ(Websites)စသည့် မီဒီယာနှင့် မီဒီယာ အသုံးပြုသူတို့ အပြန်အလှန်တုံ့ပြန်နိုင်သော Social Media, Online Media များလည်း ပေါ်ပေါက်လာပါသည်။

အဆိုပါ မီဒီယာပုံစံအသစ်များကြောင့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာအသစ်များသည်လည်း ပိုမိုဖြစ် ပေါ်လာရပါသည်။ ဆိုရှယ်မီဒီယာကဲ့သို့ ခေတ်သစ်မီဒီယာပုံစံများနှင့် သတင်း၊ စာနယ်ဇင်း၊ ရုပ်သံမီဒီယာများကဲ့သို့သော သမားရိုးကျ မီဒီယာပုံစံ များတွင်လည်း ကျင့်ဝတ်သိက္ခာရှိမှုသည် အရေးပါ လျက်ရှိပါသည်။

မီဒီယာကျင့်ဝတ်အရေးကြီး

မည်သည့်မီဒီယာအမျိုးအစားတွင်မဆို ပြည်သူ လူထုထံသတင်းအချက်အလက်များ တင်ပြရာ၌ မှန်ကန်မှုရှိစေရန်၊ တိကျစေရန်၊လွတ်လပ်ပြီး တရားမျှတမှုရှိစေရန်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရ မည်မှာ အခြေခံမီဒီယာကျင့်ဝတ်ဆိုင်ရာ အချက်များပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မီဒီယာသည် မှန်ကန်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေလျှင်ပြည်သူလူထုကို အကျိုးပြုနိုင်သော် လည်း သတင်းအတုအယောင်၊ သတင်းမှားများကို ဖြန့်ဝေမည်ဆိုပါကလက်နက်တစ်ခုသဖွယ် လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို အန္တရာယ်ပြုနိုင်၊ ဒုက္ခပေးနိုင်သောကြောင့် ဖြစ်ပါသည်။ မိမိ၏ ဆင်ခြင်သုံးသပ်မှုအားနည်းခြင်းကြောင့် သတင်းအချက်အလက်များ လွဲမှားသွား လျှင်ဖြစ်စေ၊ မိမိအကျိုးစီးပွားကိုမျှော်ကိုးပြီး လိမ်လည်ရေးသားလျှင်ဖြစ်စေ မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ရာ ရောက်နေမည်ဖြစ်ပါသည်။

အဝါရောင်မီဒီယာ

ကျင့်ဝတ်နှင့်ညီသောမီဒီယာတစ်ခုဖြစ်လာရေးနှင့် လူကြိုက်များသော မီဒီယာတစ်ခုဖြစ်လာရေးတို့သည် အမြဲပဋိပက္ခဖြစ်စေသော အခြေအနေတစ်ရပ်ကို ဖန်တီးလေ့ရှိပါသည်။ မီဒီယာနယ်ပယ်မှာပင် အဝါရောင်မီဒီယာ (Yellow Journalism) များသည် မီဒီယာပရိသတ်ကိုပိုမိုဆွဲဆောင် နိုင်ကြပါသည်။ အဝါရောင်မီဒီယာ(Yellow Journ‌a- lism) ဆိုသည်မှာ မှန်ကန်သည့် အချက်အလက်ကို အခြေခံခြင်း မဟုတ်ဘဲ လူစိတ်ဝင်စားမည့် အကြောင်းအရာကိုသာ တင်ပြ၍ ပရိသတ်ကို ဆွဲဆောင်ကာမိမိတို့မီဒီယာ စီးပွားရေးအကျိုး အမြတ်ရရှိရေးကိုသာဦးတည်သည့် မီဒီယာအမျိုးအစားဟု အကြမ်းဖျင်း မှတ်ယူနိုင်ပါသည်။ မြန်မာနိုင်ငံတွင်လည်းပရိသတ်ကို ပိုမိုဆွဲဆောင်နိုင်ရန် မီဒီယာများသည် အဝါရောင်ဘက်ကို တဖြည်းဖြည်း ပြောင်းလဲလာကြသည်ကိုစိတ်မကောင်းဖွယ် မြင်တွေ့နေရပါသည်။

မြန်မာနိုင်ငံ၏ အွန်လိုင်းမီဒီယာခရီးအစ

မြန်မာနိုင်ငံ၏ မီဒီယာလမ်းခရီးသည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၀ - ၂၀၁၅ ခုနှစ်တွင် သိသိသာသာ ချောမွေ့ပြောင်းလဲလာခဲ့ပြီး မီဒီယာလွတ်လပ်ခွင့်များလည်းရရှိခဲ့ကြပါသည်။ ဆိုရှယ် မီဒီယာအသုံးပြုမှုသည်လည်း ဈေးချိုသော ဖုန်းဆင်းမ်ကတ်များနှင့် မိုဘိုင်းလ်အင်တာနက် ရရှိလာ မှုတို့နှင့်အတူ တစ်ရှိန်ထိုးတိုးတက်လာခဲ့သည်မှာ စာဖတ်သူတို့အားလုံး အသိပင်ဖြစ်ပါသည်။ အင်တာ နက်အသုံးပြုရန် အင်တာနက်ဆိုင်တွင် တစ်နာရီ ၅၀၀ ကျပ်ပေး၍လည်းကောင်း၊ Internet Modem card များဝယ်ယူပြီး ကြိုးဖုန်းများနှင့် ခက်ခက်ခဲခဲ ချိတ်ဆက်၍လည်းကောင်း အသုံးပြုမှရသည့် အင်တာနက်ကို၁၅၀၀ ကျပ်တန်ဆင်းမ်ကတ် တစ်ကတ်နှင့် Smart Phone တစ်လုံး ရှိရုံမျှဖြင့် အသုံးပြုနိုင်သည့်အချိန်တွင် ကလေး၊လူကြီးမရွေး လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ဆိုရှယ် မီဒီယာ (Social Media)၊ဆိုရှယ်နက်ဝပ်ပလက် ဖောင်း(Social Network Platforms)များနှင့် ရင်းနှီး လာခဲ့ပါတော့သည်။

မြန်မာနိုင်ငံတွင် Social Networking Sites–SNSs များထဲ၌ Facebook သည် လူထုအသုံးပြုမှု အများဆုံးနှင့် သတင်းစီးဆင်းမှုအမြန်ဆုံး ဖြစ်ပါ သည်။ မြန်မာပြည်သူ/ပြည်သား တို့၏ နေ့စဉ်ဘဝ တွင် Facebook သည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာပြီး လူသိများမှု၊ အောင်မြင်ကျော်ကြား မှုတို့နှင့်အတူ အချက်အလက်မှန်ကန်မှုများ အားနည်းခြင်း၊ သတင်းမှား၊ သတင်းတုများကို ထိန်းချုပ်ရန် ခက်ခဲလာခြင်းတို့သည်လည်း အတူလိုက်ပါလာခဲ့ပါသည်။ ထိုနည်းတူပင် မီဒီယာတို့၏ ကျင့်ဝတ်စောင့် စည်းလိုက်နာမှု အားနည်းချက်များ၊ ဆိုရှယ်မီဒီယာ အသုံးပြုသူများ၏ မီဒီယာအသိပညာ အားနည်း ချို့တဲ့မှုတို့ကြောင့် ဘက်မလိုက်သော၊ မီဒီယာပီသ သော မီဒီယာများ တဖြည်းဖြည်းပျောက်ကွယ်လာနေပြီး “မိမိနှင့်မတူလျှင် ရန်သူ” ဟူသည့် အစွန်း ရောက်ခံယူချက်များ၊ “မတူလျှင် မှားသည်” ဟူသည့် ဗဟုသုတနည်းပါးမှုများ၊ “အမြင်အသစ်ကို လက်မခံနိုင်ခြင်း” ဟူသည့် သဘောထားကျဉ်းမြောင်းမှုများသည်သာ ပို၍တိုးပွားလာနေသည်ကို တွေ့မြင်နိုင်ပါသည်။

စတုတ္ထမဏ္ဍိုင်(The Fourth Estate)

စတုတ္ထမဏ္ဍိုင် (The Fourth Estate) ဟု ဆိုကြသော မီဒီယာသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသော ထောက်တိုင်တစ်ခု ဖြစ် ပါသည်။ခြေထောက်လေးဖက်ပါသော စားပွဲ တစ်လုံးမှာတစ်ဖက်ကကျိုးနေလျှင်အဆိုပါ စားပွဲသည် ဟန်ချက်ညီနိုင်ပါဦးမည်လော။ထို သဘောတရားအတိုင်းပင် ဖြစ်သည်။ မီဒီယာ၏ အဓိပ္ပာယ်မှာ“medium” မှဆင်းသက်လာပြီး ကြားခံဟု အဓိပ္ပာယ်ရပါသည်။ မီဒီယာသည် ပြည်သူလူထုထံသို့ သိသင့်သိထိုက်၊ သိသင့်သိအပ်သော သတင်းအချက်အလက်များကို ကြားမှနေ၍ ပို့ဆောင်ပေးရသူဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် မီဒီယာတို့သည် အဂတိတရားလေးပါး ကင်းစင်ပြီး ဘက်မလိုက်သော၊တရားမျှတသော၊ကျင့်ဝတ်နှင့် ညီသော မီဒီယာများဖြစ်ရန် အရေးကြီးပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် မီဒီယာကောင်းများ ကင်းမဲ့ ခြင်းသည်တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေသည်သာမက ပြည်သူလူထုအပေါ်လည်း တာဝန်မကျေရာရောက်သည်ကို သတိပြုသင့်ပါသည်။

ကျင့်ဝတ်ဆိုင်ရာအခြေခံမူများ

ကျင့်ဝတ်စည်းမျဉ်းပေါင်း ၄၀၀ ကျော်ကို ကမ္ဘာ တစ်ဝန်းတွင် လက်ခံကျင့်သုံးခဲ့ပြီး ၁၉၄၅ ခုနစ်တွင် နိုင်ငံတကာသတင်းထောက်များအသင်း (Interna-tionalFederationofJournalists – IFJ) က သဘောတူလက်ခံခဲ့သော သတင်းနှင့် စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ကမ္ဘာ့ထုတ်ပြန်ကြေညာချက် တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါသည်။ မီဒီယာကျင့်ဝတ် ကို အဖွဲ့အစည်းအမျိုးမျိုးကမူအမျိုးမျိုးဖြင့် ရေးဆွဲ ထားပြီးတချို့မီဒီယာများသည် မိမိတို့တိုက်ပိုင် မီဒီယာကျင့်ဝတ်များလည်းရှိတတ်ကြပါသည်။ အခြား ထင်ရှားသောမီဒီယာကျင့်ဝတ်မှာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်အခြေစိုက် ကျွမ်းကျင်သတင်း ထောက်များအသင်း (Society of Professional Journalists – SPJ)၏ သတင်းသမား/မီဒီယာကျွမ်း ကျင်ပညာရှင်တို့အတွက် သတ်မှတ်ပေးထားသော ကျင့်ဝတ်ဆိုင်ရာအခြေခံမူလေးချက်မှာ အမှန် တရားကိုရှာဖွေပြီး သတင်းတင်ဆက်ခြင်း၊ ထိခိုက်နစ်နာမှု နည်းနိုင်သမျှနည်းစေခြင်း၊ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့ ဖြစ်ကြသည်။ အဆိုပါအချက် လေးချက်ထဲမှ တစ်ချက်ချင်းစီကိုအနည်းငယ် ကောက်နုတ်ဖော်ပြလိုပါသည်။

SPJ ၏ အခြေခံမူ နံပါတ်(၁) အရ မီဒီယာသမားများအား ၎င်းတို့၏ လုပ်ဆောင်ချက်များ တိကျခိုင်မာမှုအတွက် တာဝန်ယူမှုရှိရန်၊ သတင်းအချက် အလက်များကို ထုတ်ပြန်ခြင်းမပြုမီ အတည်ပြုရန်နှင့် တတ်နိုင်သမျှ မူလသတင်းရင်းမြစ်များကိုသာ ကိုးကားရမည်ဖြစ်ပြီး အစိုးရ၊ အများပြည်သူဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း စောင့်ကြည့်ထိန်း ကျောင်းရန်တာဝန်ရှိပါသည်။ မီဒီယာသမား များအနေဖြင့် အမှန်တရားရှာဖွေဖော်ထုတ်ရာတွင် တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးကို လေးစားမှုရှိရန် လည်း အရေးကြီးသည့်အပြင် အများပြည်သူသိရှိ ရန်လိုအပ်သည့် မှန်ကန်သည့် သတင်းအချက် အလက်များရှာဖွေဖော်ထုတ်၍ မယိမ်းမယိုင် မတိမ်းမစောင်းတင်ပြပေးရန်လည်းတာဝန်ရှိပါသည်။

အခြေခံမူ(၂)သည်“ထိခိုက်နစ်နာမှုနည်းနိုင်သမျှ နည်းစေရမည်” ဖြစ်ပါသည်။ဆိုလိုရင်းမှာ “မီဒီယာ သမားများသည် ၎င်းတို့၏ ထုတ်ဖော်တင်ပြမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာမှုများကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သတင်းအရင်းအမြစ်များ၊ တင်ပြမည့် အကြောင်းအရာများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူလူထုအား လေးစားထိုက်သည့် လူသားများသဖွယ် သဘောထားလုပ်ဆောင်မှသာကျင့်ဝတ်နှင့်ညီသော မီဒီယာဖြစ်လာမည် ဖြစ်ပါသည်။

ထို့ပြင် လူငယ်များနှင့် ပြစ်မှုကျူးလွန်ခံရသူများ အပါအဝင်သတင်းဖော်ပြချက်ကြောင့်ထိခိုက် ခံရသူတစ်ဦးတစ်ယောက်ချင်းစီအပေါ်စာနာ နားလည်မှုကို ဖော်ပြရမည်”ဟုသတ်မှတ်ထားပါ သည်။

တာဝန်ယူမှုရှိသောလွတ်လပ်မှု

မီဒီယာသမားများသည် လွတ်လပ်စွာလုပ်ကိုင် ဆောင်ရွက်ရမည်ဟု ဆိုထားသည့် အခြေခံမူ (၃)တွင်“ သတင်းနှင့်စာနယ်ဇင်းအတတ် ပညာ၏ အဓိကတာဝန်မှာ အများပြည်သူအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟုဖော်ပြထားရာ မီဒီယာသမားများအနေဖြင့် အများပြည်သူကို ပထမဦးစားပေးနေရာ၌ ထားရမည်ဖြစ်ပြီး ကြော်ငြာရှင်များ၊ အလှူရှင်များသို့မဟုတ်အခြားသော အကျိုးစီးပွားများအပေါ် အလေးပေးဖော်ပြခြင်းကို ရှောင်ကြဉ်ရမည်၊ ပြည်တွင်းပြည်ပမှ ဖိအားပေးလွှမ်းမိုးမှုများကိုလည်း ခုခံကာကွယ်နိုင်စွမ်း ရှိရမည်” ဖြစ်ပါသည်။

စတုတ္ထမူဖြစ်သည့် “တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိခြင်း ”တွင်မီဒီယာသမားများသည် “ကျင့်ဝတ်ဆိုင်ရာရွေးချယ်မှုများနှင့်လုပ်ငန်းစဉ်များကို ပြည်သူလူထုအားရှင်းလင်းတင်ပြသင့်ပြီး မည်သို့ သော အမှားကိုမဆို အသိအမှတ်ပြုဝန်ခံကာ အများပြည်သူသို့ ထုတ်ဖော်ပြောကြားရန်” လိုအပ် ပါသည်။ ထို့ပြင် “အမှားများကိုလည်း မဆိုင်းမတွ ချက်ချင်းပြင်ဆင်ရန်” အရေးကြီးပါသည်။

မီဒီယာနယ်ပယ်တွင် အကျိုးစီးပွားပဋိပက္ခ ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းနည်းသည်သတင်း မီဒီယာကျင့်ဝတ်၏ အခြေခံအကျဆုံးအပိုင်းဖြစ်သည့် သတင်းနှင့်စာနယ်ဇင်းသမားများလိုက်နာရမည့် အမြင့်ဆုံးကျင့်ဝတ်စံနှုန်းကိုလိုက်နာ စောင့်ထိန်းခြင်းအားဖြင့် စည်းမျဉ်းနှင့်အညီ ရပ်တည်ဖြေရှင်းသော နည်းလမ်းဖြစ်ပါသည်။ ထို့ပြင် အချို့စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် ဌာနဆိုင်ရာဝန်ထမ်းများက မိမိတို့ထုတ်လွှင့် လိုသောသတင်းအကြောင်းအရာနှင့် စပ်လျဉ်းပြီး ထုတ်လွှင့်ပေးရန် မီဒီယာသမားများ အား ငွေကြေးမြောက်မြားစွာထည့်ထားသည့်စာအိတ်ညို (Brown Envelope) များကို ပေးခြင်းဖြင့် မီဒီယာကဏ္ဍ အဂတိလိုက်စားမှုကိုဖြစ်ပေါ်စေပါသည်။ အဆိုပါ စာအိတ်ညို (Brown Enevelope) သည် မီဒီယာအတတ်ပညာဆိုင်ရာ လွတ်လပ်စွာပြုမူဆောင်ရွက်မှုဟူသည့် စည်းမျဉ်းကို ဆန့်ကျင်ခြင်း ဖြစ်ပြီးအများပြည်သူထံသို့ လိမ်လည်၍ ဘက်လိုက်သည့် မီဒီယာအဖြစ် ဖြစ်ပေါ်လာစေပါသည်။

တစ်ဦးချင်းမီဒီယာ(IndividualMedia)နှင့် ကျင့်ဝတ်

နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် ဆိုရှယ်မီဒီယာပေါ်တွင် လူတိုင်းအားမီဒီယာသမားတစ်ယောက် သဖွယ်ပြုမူဆောင်ရွက်နိုင်ရန် အထောက်အကူပြုပါသည်။ စမတ်ဖုန်းတစ်လုံး ရှိရုံမျှဖြင့် သတင်းဖြစ်ရပ် များကို မှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ဗီဒီယိုရိုက်ကူးခြင်းတို့ကို ပြုလုပ်နိုင်ပြီး သတင်း အချက်အလက် အကြောင်းအရာများကို တစ်ဦးမှတစ်ဦးသို့ လက်ဆင့်ကမ်းမျှဝေနိုင်ပြီး “ပြည်သူထဲက သတင်းသမားများ” ပေါ်ထွက်လာပါသည်။ တစ်ဖက်တွင်လည်းမီဒီယာ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပိုမိုများပြားလာစေပါသည်။

အများပြည်သူသို့ သတင်းအချက်အလက်များ ဖန်တီးထုတ်လွှင့်သည့် မီဒီယာသမားများ၊ မီဒီယာကဏ္ဍအသီးသီးမှ မီဒီယာလုပ်ငန်းဆောင်ရွက်နေသူများသာမက မီဒီယာအသုံးပြုနေသူတိုင်းသည် မီဒီယာကျင့်ဝတ်များကိုသိရှိထားရန်လိုအပ်ပါသည်။ မီဒီယာကျွမ်းကျင်သူများက မီဒီယာကျင့်ဝတ် များကိုမဖြစ်မနေလိုက်နာသင့်သကဲ့သို့ မီဒီယာအသုံးပြုသူများသည်လည်း ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်များ၊ စံနှုန်းများကို လက်ကိုင်ထားရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆိုရှယ် မီဒီယာ၏သဘာဝအရ မီဒီယာစောင့်ကြည့်အသုံး ပြုသူများကလည်း ရုပ်သံမှတ်တမ်းများနှင့် သတင်း အချက်အလက်များကို လူအမြောက်အမြားထံသို့ ပြန်လည်မျှဝေနိုင်သောကြောင့် ဖြစ်ပါသည်။

ဆိုရှယ်မီဒီယာထွန်းကားမှု(SocialMedia Booming)

အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည့်ဆိုရှယ် မီဒီယာထွန်းကားမှု (Social Media Booming) အရ လူတို့သည်မနက်စာထမင်းဝိုင်းတွင်သတင်းစာဖတ်သည့် အလေ့အကျင့်မှ ဖုန်းထုတ်၍ Facebook ကြည့်သည့် အလေ့အကျင့်သို့ ပြောင်းလဲလာခဲ့ပြီး တချို့သည်လည်း မီဒီယာအသိပညာ၊ ဗဟုသုတများ (Media Knowledge)၊အကြောင်းအရာပါအချက် အလက်မှန်/ မမှန်စစ်ဆေးခြင်း (Fact Checking)၊ မီဒီယာကျင့်ဝတ်(Media Ethics)နှင့်သတင်း ရင်းမြစ်စစ်ဆေးခြင်း (Source Verification) တို့ကို သိရှိနားလည်လာကြပါသည်။သို့သော်လည်း မီဒီယာအသုံးပြုသူအရေအတွက်နှင့်ယှဉ်ပါက ထိုသို့ သိရှိနားလည်သူအရေအတွက်အင်မတန်နည်းနေ သေးကြောင်းကို Click-bait မီဒီယာများ ကျယ်ပြန့် လာနေမှုကိုကြည့်လျှင် သိနိုင်ပါသည်။

Click-bait မီဒီယာ

Click-bait မီဒီယာဆိုသည်မှာ သတင်းခေါင်းစီး ဖတ်လိုက်ရုံဖြင့် အဆိုပါသတင်းတင်ထားသော ဝက်ဘ်ဆိုက်ထဲသို့ ပရိသတ်များရောက်ရှိပြီး အကျိုးစီးပွားရှာဖွေသောမီဒီယာများ ဖြစ်ပါသည်။ Click-bait မီဒီယာများသည်လည်းလူမှုကွန်ရက် ပေါ်တွင် သတင်းမှား၊ သတင်းတုများ ပျံ့နှံ့နေခြင်း၏ အကြောင်းရင်းများစွာထဲမှ တစ်ခုဖြစ်ပါသည်။ ထို့အတွက် မီဒီယာတို့၏ ကျင့်ဝတ်လိုက်နာ စောင့်ထိန်းမှု အရေးကြီးသကဲ့သို့ ဆိုရှယ်မီဒီယာ အသုံးပြုသူများ၏ မီဒီယာဗဟုသုတ ကြွယ်ဝခြင်း၊ မီဒီယာနှင့် စပ်လျဉ်းသည့် အသိပညာများရှိခြင်းတို့ သည်လည်းချန်လှပ်ထား၍မရသည့်အချက်ဖြစ်ကြောင်း ထည့်သွင်း စဉ်းစားစေခြင်း ဖြစ်ပါသည်။

ဆိုရှယ်မီဒီယာများဟုဆိုရာတွင် Social Influencers (ဆိုရှယ်မီဒီယာအပေါ်တွင် လွှမ်းမိုးမှုရှိသူ သို့မဟုတ်အရပ်အခေါ်အရ ဖေ့စ်ဘွတ်ဆယ်လီ‌Facebook Celebrities) များလည်းအကျုံးဝင်ပါ သည်။ ၎င်းတို့သည်လည်း မီဒီယာတစ်ခုကဲ့သို့ပင်Followersများလျှင်များသလောက်လွှမ်းမိုးမှုရှိပြီး သတင်းတု၊ သတင်းမှားပျံ့နှံ့မှုကွန်ရက်ကိုပိုမို ကြီးထွားနိုင်စေသောကြောင့် မီဒီယာကျင့်ဝတ် လိုက်နာရန် လိုအပ်ပါသည်။ မီဒီယာကျင့်ဝတ်ကိုလိုက်နာစောင့်ထိန်းကြရန်မှာမီဒီယာများ၊ Social Influencers များသည်သာမက ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက လိုက်နာကြရမည် ဖြစ်ပါသည်။ ဆိုရှယ်မီဒီယာပေါ်တွင် သတင်းအချက်အလက်တစ်ခုသည် တစ်ယောက်မှသည် ဆယ်ယောက်၊ဆယ်ယောက်မှသည် အယောက်တစ်ရာ၊ ထောင်၊ သောင်းသို့ပျံ့နှံ့သွားဖို့ အချိန်အနည်း ငယ်မျှပင်မကြာပါ။ ထို့အတွက် ဆိုရှယ်မီဒီယာအသုံးပြုသူတိုင်းကသတင်းအချက် အလက်တစ်ခုကို မြင်သည့်အချိန်သို့မဟုတ်မိမိမှ ပြန်လည်မျှဝေရာတွင် ကြိုတင်စဉ်းစားရမည့်အချက်များ ရှိပါသည်။

မီဒီယာကျင့်ဝတ်

မီဒီယာ ပရော်ဖက်ရှင်နယ်များအနေဖြင့်လည်း သတင်းတစ်ခုကို ထုတ်ပြန်ရေးသားခြင်းမပြုမီ လိုက်နာဆောင်ရွက်သင့်သည့် ကျင့်ဝတ်များစွာ ထဲမှ အောက်ပါမေးခွန်းများဖြင့် ပြန်လည်စိစစ်ရ မည် ဖြစ်ပါသည်-

  • တင်ပြမည့်အကြောင်းအရာသည် တိကျမှန်ကန်မှုရှိပါသလား။
  • သတင်းအချက်အလက်အရင်းအမြစ်များကိုအတည်ပြုပြီးဖြစ်ပါသလား။
  • သတင်းအချက်အလက်များကို မျှဝေခြင်းဖြင့် တစ်စုံတစ်ယောက်အား ထိခိုက်နစ်နာမှု ရှိနိုင်ပါသလား။
  • သတင်းအကြောင်းအရာသည်အုပ်စုနှစ်ခုအကြောင်းဆိုပါကနှစ်ဖက်အုပ်စုလုံး၏ အသံကို နားထောင်ပြီးပြီလား။
  • On the record/ Off the record စည်းမျဉ်းနှင့် ကိုက်ညီမှုရှိရဲ့လား။

ထို့ပြင်မိမိထုတ်ပြန်လိုက်သော သတင်းသည် အချက်အလက်မှားယွင်းစွာဖော်ပြမိပါကလည်း သတင်းအမှားပြင်ဆင်ချက်ကိုအချိန်မဆိုင်း ပြန်လည်ထုတ်ပြန်ပေးရမည်အစရှိသည်တို့သည် မီဒီယာသမားများ အားလုံးသိရှိနားလည်ထားပြီး သားကျင့်ဝတ်ဆိုင်ရာ အကြောင်းခြင်း ရာများပင် ဖြစ်ပါသည်။ သိရှိနားလည်နေရုံနှင့် မပြီးသေး၊ လိုက်နာဆောင်ရွက်မှသာကျင့်ဝတ်နှင့်ညီသော မီဒီယာကောင်းများ ဖြစ်လာမည်ဖြစ်ပါသည်။

သတင်းတု၊ သတင်းမှားများ စိစစ်

ဆိုရှယ်မီဒီယာပေါ်တွင် သတင်းမှား၊ သတင်းတု များထိန်းချုပ်ရာမဲ့ပျံ့နှံ့နေပြီး ထိုသတင်းတု၊ သတင်းမှားများအပေါ် Like ပေးခြင်း၊ React တစ်ခုခုပြုလုပ်ခြင်း၊ Share လုပ်ခြင်းတို့သည် သတင်းမှား၊သတင်းတုများပျံ့နှံ့စီးဆင်းမှုကို တွန်းအားပေးရာရောက်ပြီး သတင်းဖောင်းပွမှုကို လည်း ဖြစ်စေပါသည်။ ထို့ကြောင့် လူမှုကွန်ရက် အသုံးပြုသူများအနေဖြင့် အကြောင်းအရာတစ်ခုကို ပြန်လည် မမျှဝေမီ သတင်းမှား၊ သတင်းတု ဟုတ်/မဟုတ်ကိုစဉ်းစားဆင်ခြင်၍ စစ်ဆေးရန် လိုအပ်ပါ သည်။သတင်းမှား၊သတင်းတုများကို ယေဘုယျ အားဖြင့် အောက်ပါအချက်များကို စိစစ်၍သိရှိနိုင်ပါ သည်-

  • သတင်းတင်ပြသည့် ရက်စွဲကို ကြည့်ပါ။
  • သတင်းရင်းမြစ်ကို စစ်ဆေးပါ။
  • မိမိဖတ်ရှုနေသောသတင်းကိုအခြားသတင်းရင်းမြစ်များက တင်/ မတင် ဆိုသည်ကို စုံစမ်းပါ။
  • သတင်းခေါင်းစဉ်နှင့်အတူ သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုပါ။
  • သတင်းပါ အထောက်အထားများကိုစိစစ်ပါ။
  • ဓာတ်ပုံပါတိုင်း မယုံကြည်ပါနှင့်။

မီဒီယာကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာရမည်မှာ မီဒီယာသမားများလိုက်နာရမည့် အခြေခံမူဖြစ်သည့်အပြင် ဥပဒေကိုကျော်လွန်ပြီး ရေးသားပါကလည်း တရားစွဲဆိုခံရနိုင်ခြင်းကို သတိပြုရမည် ဖြစ်ပါသည်။မြန်မာနိုင်ငံတွင်“သတင်းမီဒီယာ ဥပဒေ”ကို ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် မီဒီယာအသိအားနည်းသော သာမန်ပြည်သူလူထုများအနေဖြင့် ဆိုရှယ်မီဒီယာ ပေါ်တွင် စီးဆင်းနေသော သတင်းများ၊ အကြောင်းအရာများ၏ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်ရန် ခက်ခဲပါသည်။ ထို့ကြောင့်ကျင့်ဝတ် လိုက်နာသည့် မီဒီယာများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီး လာပါသည်။ ဆိုရှယ်မီဒီယာသည် “သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး” ဆိုသကဲ့သို့ပင် သုံးတတ် မည်ဆိုပါက အကျိုးကျေးဇူး ရှိမည်ဖြစ်သလိုမသုံးတတ်ပါကလည်း လူအများကို အန္တရာယ်ဖြစ်စေ နိုင်ပါသည်။ ဥပမာ - သူတစ်ပါးကို ထိပါးပုတ်ခတ် အမည်ဖျက်ရန် အခွင့်ရှိသလို (လိုင်စင်ရသလို) ဖြစ်နေခြင်း၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း၊ ဝါဒဖြန့်ခြင်းအစရှိသည့်ပုံစံများအပြင် အကြောင်းအရာပါ အချက်များကို မလေ့လာဘဲတစ်ဆင့် ပြန်လည်မျှဝေခြင်းတို့သည် ဆိုရှယ် မီဒီယာ၏သဘောသဘာဝကို သေချာနားမလည် သည့် အသုံးပြုသူများအား ထိခိုက်နစ်နာစေပါသည်။

သတင်းရင်းမြစ်တိကျ မသေချာသည့်သတင်း များကြောင့် အထိတ်တလန့်ဖြစ်ရခြင်း၊ မမှန်ကန် သည့်အချက်အလက်များကြောင့်မသက်ဆိုင်သူများ ဘေးဥပဒ်ဖြစ်စေခြင်း၊မီးလောင်ရာလေပင့် သဘော ဆောင်သည့်အားပေးအားမြှောက်ပြုနေသည့် အရေးအသားများကြောင့် မဖြစ်သင့်/ မဖြစ်ထိုက် သော ကိစ္စရပ်များပေါ်ပေါက်လာခြင်း၊ သတင်းမီဒီယာသမားတို့၏ အချက်အလက်ထက် မိမိခံစားချက်ကို ဦးစားပေးပြီး ဘက်လိုက်၍ သတင်းထုတ်ပြန်ခြင်းတို့သည် မီဒီယာကျင့်ဝတ်နှင့်မညီသော ဖြစ်ရပ်များပင် ဖြစ်ပါသည်။

ကျင့်ဝတ်နှင့်မညီသော မီဒီယာများကြောင့် ပြည်သူလူထုသည်အမှန်တကယ်ဖြစ်ရပ်များကို မသိရှိနိုင်ခြင်း၊ မမှန်ကန်သော အချက်အလက်များ ကြောင့်ပြည်သူလူထုကို အကြောက်တရားပိုစေခြင်း၊ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါ သည်။ ထို့ကြောင့်ကျင့်ဝတ်လိုက်နာရေး၊မီဒီယာကျင့်ဝတ် နှင့်အညီသတင်းမှန်များ ထုတ်ပြန်နိုင်ရေးတို့ သည် မီဒီယာများသာမကမီဒီယာအလုပ်ကိုလုပ်ကိုင် ဆောင်ရွက်နေသူမည်သူမဆို ကျင့်ဝတ်လိုက်နာ သင့်ကြောင်းနှင့် မျိုးဆက်သစ်လူငယ်များပါ အတွေးအခေါ်၊ အယူအဆများရှင်သန်နိုင်ရေး ရေရှည် မျှော်တွေးအထူးအလေးထားသင့်ကြပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

Search
Categories
Read More
Shopping
Nbcbdz BK Control Transformer Factory Powers Reliable Global Systems
In today's industrial environment, the demand for reliable and efficient electrical components...
By Nbcbdz11 Lester 2025-09-26 06:35:01 0 142
Other
Retail Wi-Fi Market Set to Soar with Rising Demand for Enhanced Customer Experiences
The global Retail Wi-Fi market is experiencing rapid growth as retailers increasingly deploy...
By Dataintelo21 Consuting 2025-10-03 05:54:57 0 17
Risks Management
Atlanta Dream Host Connecticut Sun Sunday
Atlanta Notes|Connecticut NotesATLANTA-- The Atlanta Dream host the first-place Connecticut Sun...
By Scherff Andrewss 2025-08-27 03:26:37 0 524
Information Technology
၂၀၂၅ ခုနှစ်တွင် လူကြိုက်အများဆုံး AI မော်ဒယ်များ - နှိုင်းယှဉ်လေ့လာချက်လမ်းညွှန်
Artificial Intelligence (AI) သည် အနာဂတ်မှ ခေတ်စားစကားလုံးတစ်ခု မဟုတ်တော့ပါ - ၎င်းသည်...
By Aung Kyaw 2025-09-12 20:37:40 0 305
Religion
Easter: History, Traditions, and Significance
Easter is one of the most important Christian holidays, celebrating the resurrection of Jesus...
By Event Organizer 2025-03-14 12:10:05 0 2K
Shwe Cloud https://www.shwecloud.com